13 July 2013

မြန်မာ့အသံအစီအစဉ်များ မိုဘိုင်းဖုန်းပေါ်မှာ ကြည့်နိုင်မည်


                         မိုဘိုင်းဖုန်းပေါ်မှ ကြည့်ရှုနိုင်သည့် သတင်းအစီအစဉ်တစ်ခုအား ပြသနေစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)


 မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ စတင် ကြည့်ရှုနိုင်မည့် အစီအစဉ်ကို ဇူလိုင် ၁၅ရက်တွင် စတင်မည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူး မျိုးမြင့်အောင်က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

ယင်းအစီအစဉ်ကို စတင်ချိန်တွင် Android OS သုံးမိုဘိုင်းဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် iOS ပေါ်တွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။


အဆိုပါ မိုဘိုင်းဖုန်း Application ကို ဇူလိုင် ၁၅ရက်တွင် ဂူဂဲလ်ပလေးမှတစ်ဆင့် အခမဲ့ဒေါင်းလုပ်ဆွဲယူနိုင်မည်ဖြစ်ပြီး ရုပ်မြင်သံကြားအစီအစဉ်များအတွက် MTRV  Icon ပါ APK Software နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်အတွက် MRTV Radio Station Icon ပါ APK Software များကို ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။

ဦးမျိုးမြင့်အောင်က “အဓိကကတော့ သတင်းတွေကို ဦးစားပေးကြည့်ရှုနိုင်မှာပါ။ နောက်ပိုင်းမှာ MRTV က လွှင့်သမျှ Live Streaming(တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်) ကို ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ အခုမြန်မာနိုင်ငံမှာက  Android ဖုန်းတွေ သုံးတာများတဲ့အတွက် Android ဖုန်းတွေ အသုံးပြုနိုင်အောင် အရင်စီစဉ်လိုက်တာပါ။ မကြာခင်မှာ iPhone တွေ အသုံးပြုနိုင်တော့မှာပါ’’ဟု ပြောသည်။

ယင်းကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို မိုဘိုင်းဖုန်းများပေါ်တွင် ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်းမှာ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးလာသည့်နှင့်အမျှ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်များ အသုံးပြုမှု များပြားလာချိန်တွင် မှန်ကန်သောသတင်း အချက်အလက်များ ရရှိစေနိုင်ရန်အတွက်ဖြစ်သည်ဟုလည်း ဦးမျိုးမြင့်အောင်က ဆိုသည်။ ယင်းအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို မကြည့်လိုက်ရပါကလည်း ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်၍လည်း Application အား ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ် ဧပြီ ၁ရက်မှစပြီး “ပြည်သူတို့အတွက် မြန်မာ့အသံ’’ဟူသော ဆောင်ပုဒ်နှင့် အညီ ပြောင်းလဲတင်ဆက်မှုများ လုပ်ခဲ့ပြီး သတင်းတင်ဆက်မှုနှင့် ဖျော်ဖြေရေးကဏ္ဍများကို နေ့စဥ်၁၇ နာရီ တင်ဆက်ဖျော်ဖြေလျက် ရှိသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုများလာပြီးနောက်ပိုင်း မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် သတင်းများ ဖတ်ရှုနိုင်ခြင်းသည်လည်း လမ်းကြောင်းတစ်ခု ဖြစ်လာပြီး ဘီဘီစီသတင်းဌာနမှ ရေဒီယိုအစီအစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ နားဆင်နိုင်ရန် ဘီဘီစီက မိတ်ဆက်ခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment