09 July 2013

Huawei ၏ ပထမဆုံးသီးသန့် ဆားဗစ်စင်တာ မြန်မာပြည်တွင်ဖွင့်မည်

နာမည်ကြီး ဈေးမြင့်စမတ်ဖုန်းများအကြား တန်ဖိုးနည်း မက်လုံးဖြင့် မြန်မာ့ ဈေးကွက်ကို ထိုးဖောက်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Huawei Technologies က မိုဘိုင်းလ်ဖုန်း ပြုပြင်ထိန်းသိမ်းမှု သီးသန့်ဝန်ဆောင်မှုပေးမည့် ဆားဗစ်စင်တာတစ်ခု ယခုနှစ်အတွင်း ဖွင့် လှစ်သွားမည် ဖြစ်ကြောင်း Huawei Technologies (Ynagon) Co.,Ltd. မှ ထုတ်ကုန်ဒါရိုက်တာ Mr.RosonLuo က The Voice သို့ပြောကြားသည်။
“Showroom (အရောင်းပြခန်း) တွေမှာလည်း ဆားဗစ်စင်တာတွေပါ ပါတယ်။ ဒါကတော့ Service သီးသန့်ပဲ ပါမယ်”ဟု ၎င်းကဆိုသည်။
ယင်းဆားဗစ်စင်တာ ဖွင့်လှစ်ရန် စီစဉ်နေဆဲဖြစ်ကာ အသေးစိတ် အချက်အလက်များကို မသိရှိရသေးဘဲ Huawei ကုမ္ပဏီ၏ ဒုတိယမြောက် အရောင်းပြခန်းကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ဗညားဒလလမ်းပေါ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ Huawei အရောင်းပြခန်းတစ်ခုနှင့် ကိုယ်စားလှယ်ဆိုင် ၁၀ ဆိုင်ခန့် ဖွင့်လှစ်ထားကြောင်း Huawei Technologies (Ynagon) Co.,Ltd. ထံမှ သိရသည်။
“လက်ရှိစမ်းချောင်း Showroom ကိုဖွင့်ပြီး နှစ်လအတွင်း တုံ့ပြန်မှုတွေ အများကြီးရလာတယ်။ ဝန်ထမ်းတွေ Training ပိုင်းမှာ နည်းနည်းအားလျော့လို့ အခု Training တွေ ပြန်ပေးနေပါတယ်” ဟု Mr.RosonLuo ကဆိုသည်။
ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်၏ ထက်ဝက်ခန့် ရရှိထားသော Huawei သည် မြစ်ကြီးနား၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်တို့တွင် မိုဘိုင်းလ်ဖုန်း အရောင်းစင်တာများနှင့် ဆားဗစ်စင်တာများ ထပ်မံ ဖွင့်လှစ်သွားရန်လည်း စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
“ကျွန်တော်က Ascend ရှိလားလို့မေးတာ ဆိုင်ကဝန်ထမ်းက မသိဘူးလို့ ပြောလိုက်တယ်” ဟု စမ်းချောင်းရှိ Huawei Showroom သို့ Huawei မော်ဒယ်လ်သစ်ဖုန်း ဝယ်ယူရန် သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။
Huawei Technologies သည် ၂၀၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ကုမ္ပဏီ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း တင်သွင်းဖြန့်ချိခြင်း၊ အင်တာနက်နှင့် ဆက်သွယ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ တင်သွင်းခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေသည်။

0 comments:

Post a Comment